ထိုင်းရဲ (၂) ယောက် ဖမ်းဆီးခံပြီး လွတ်မြောက်လာသူ မောင်ကိုရဲ(ယာ) နှင့် ညီညီ(၀ဲ)

ထိုင်းနိုင်ငံ မဲဆောက်မြို့၊မေပရွာ၊ခွေးခလုတ်အတွင်း တည်ရှိသော ကိုးရီးယားအထည်ချုပ်စက်ရုံမှ အလုပ်သမားလေးဦးအား အလုပ်ထွက်ခွင့်ပြုပြီး ထိုင်းရဲဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁၀း၃၀ နာရီ ခန့်အချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရွာ ခွေးခလုတ် ရှိ ကိုးရီးယားအထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဖြစ်ကြသည့် မောင်ကိုရဲ၊ အသက် (၂၇)နှစ်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် သူ၏ ဇနီး မအေမီ၊ အသက် (၂၆) နှစ်၊ မောင်ညီညီ၊ အသက် (၂၄) နှစ်၊ ပဲခူးမြို့၊ ပဲခူးတိုင်း နှင့် သူ၏ ဇနီး မအေးအေးကြူ၊ အသက် (၂၀) နှစ်၊ ၎င်းတို့ လေးဦးတို့သည် ဧပြီလ (၂၅) ရက်၊ မှ (၂၇)ရက် ထိ၊ ၂၀၁၂-ခုနှစ်။ တွင် ကိုးရီးယား အထည်ချုပ် စက်ရုံသို့ အလုပ် ၀င်ရောက် လုပ်ကိုင်ခဲ့ ကြပြီး ထိုစက်ရုံအတွင်း စည်းကမ်း တင်းကြပ်မှုများ၊ အစားအသောက် အဆင်မပြေမှုများ၊ လုပ်ငန်းခွင်အတွင်း လိုရာဆွဲခိုင်းခြင်းများ တို့ကြောင့် လုပ်ငန်းခွင်အတွင်းရှိ တာဝန်ရှိ မန်နေဂျာ ဖိပို (ထိုင်းနိုင်ငံတွင် နှစ်ကြာ ရှည်နေထိုင်သူ မြန်မာနိုင်ငံသား တောင်ကြီး ရှမ်း လူမျိုး) အား သွားရောက် အကြောင်းကြားခဲ့ကြပြီး အဆင်ပြေလျှင် မိမိတို့ အနေဖြင့် တခြား စက်ရုံသို့ ပြောင်းရွှေ့ သွားရောက် အလုပ်လိုကြောင်းကို အကြောင်းကြားခဲ့ရာတွင် ထိုစက်ရုံ မန်နေဂျာ ဖိပို က သူတို့၏ လုပ်အားခများအား မပေးသည့်အပြင် အလုပ်ဝင်ရောက် လုပ်ကိုင်ရန် အကြောင်းကြားလာစဉ်က အလုပ်ရုံသို့ လာရောက်နိုင်ရေး အတွက် စီမံပေးသည့် ကားခ (၆၀၀) ဘတ် ကိုတောင်းခံခဲ့သည်။

လုပ်အားခငွေ မရသည့်အပြင် မောင်ကိုရဲ၏ လက်ကိုင်ဖုန်း (TWZ) အမျိုးအစားအား အပေါင်အဖြစ် ထားခဲ့သည်။  အလုပ်ရုံမှ အပြင်သို့  သွားရောက်ရန်ပြင်ဆင်ပြီး ထွက်လာစဉ် အလုပ်ရုံ အရှေ့ဘက်တွင် ထိုင်းရဲ (၂) ယောက် မှ ကြိုတင်စောင့်နေပြီး ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ခွင့် အလုပ်သမား မှတ်ပုံတင်ကဒ် ရှိ မရှိ စစ်ဆေးမည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

အလုပ်သမားမှတ်ပုံတင်ကဒ် မရှိသောကြောင့် လူတစ်ဦးလျှင် ထိုင်း ဘတ်ငွေ (၁၀၀၀) ပေးရမည်ဟု ပြောသည်။ မိမိတို့မှာ စက်ရုံတွင် အလုပ်အဆင်မပြေသဖြင့် တခြားစက်ရုံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန်အတွက် ထွက်လာခဲ့ခြင်းဖြစ်ကြောင်း လုပ်အားခ မရခဲ့သည့်အတွက် မန်နေဂျာ တောင်းဆိုသည့် ငွေကြေးအစား လက်ကိုင် ဖုန်းကို အပေါင်အဖြစ် အပ်နှံထားခြင်း များကို ရှင်းပြသော်လည်း မရသည့် နောက်ဆုံးတွင် -

မောင်ကိုရဲ လည်ပင်း၌ ၀တ်ဆင်၍ ပါလာသော ဆွဲကြိုးအား သွားရောက်ရောင်းချခဲ့၍  ထိုင်း ဘတ်ငွေ (၂၂၄၀) အားရရှိခဲ့ သည်။ ထိုင်း ရဲ (၂) ယောက်က ၎င်းငွေ အားလုံး ယူသွားသည့်အပြင် သူတို့တောင်းဆိုသော ထိုင်းဘတ်ငွေ (၄၀၀၀) မပြည့် သည့်အတွက် စက်ဘီး နှစ်စီး(ဂီယာဘီး အမျိုးအစား) ကိုပါ သိမ်းယူသွားခဲ့သည်။

ထိုအကြောင်းအရာ များနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်း နောက်ထပ် ဘ၀ရပ်တည် လုပ်ကိုင် စားသောက်ရန် အခက်အခဲ ကြုံနေရသည်ကို အဖမ်းခံရသူ မောင်ကိုရဲနှင့် သူ၏ သူငယ်ချင်း ညီညီ တို့က Arakan Review သို့ ပြောကြားခဲ့ပါသည်။