မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်မှ ဤ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါသည်။
ဥပဒေပြုလွှတ်တော် ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၇၄ အရ ဥပဒေပြု ပိုင်ခွင့် မရှိသူ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး (ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းကခန့်အပ်) ပါဝင်နေသည်ကို အထင်အရှား တွေ့ရှိရပါသည်။ လူတကိုယ် မဲတပြား ဒီမိုကရေစီ လူထုဆန္ဒမဲဖြင့် ရွေးချယ်ခံရသူများ မဟုတ်၍ လုံးဝ(လုံးဝ) ပါဝင်ခွင့်မရှိပါ။ လယ်ယာမြေပေါ်တွင် အသက်မွေးကြောင်းပြုနေကြသည့် တောင်သူလယ်သမား ပြည်သူအများ ရွေးကောက် တင်မြှောက်မည့် ကိုယ်စားလှယ် ၁၆၆ ဦး၏ ဆန္ဒမဲ မပါဝင်ဘဲ ပြဋ္ဌာန်းလာသည့် ဥပဒေ ဖြစ်ကြောင်းဦးစွာသိရှိရပါသည်။
ဤလယ်ယာမြေ ဥပဒေပုဒ်မ ၃ (က) တွင်-
လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ယာမြေ၊ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေ ဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုလိုသည်။” ဟူ၍၎င်း၊ ပုဒ်မ ၃ (ခ) တွင်-”လယ်မြေ ဆိုသည်မှာ သဘာဝအရ သော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်းကောင်း၊ စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသော မြေကို ဆိုလိုသည်။” ဟူ၍ ၎င်း ဖော်ပြထားပါသည်။ လယ်ယာမြေကို စပါးသီးနှံအဓိက စိုက်ပျိုးသောမြေ ဟုသတ်မှတ်ချက်မှာ တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် အဟန့်အတား ဖြစ်နေပါသည်။ ထုတ်လုပ်မှုကို အကျိုးပြုမည့် မည်သည့်သီးနှံ ကိုမဆို လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့် ပြုရပါမည်။
ဤဥပဒေ ပုဒ်မ ၃ (ဃ) တွင်-”လယ်ယာမြေ လုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော် သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှါ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်း ကိုဆိုလိုသည်။
သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓါတ်ငွေ့ စသည့် သဘာဝ သယံဇာတများ ထုတ်ယူအသုံးချ ခွင့် မပါဝင်။” ဟုပြဋ္ဌာန်းထားပါသည်။ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ကိုသာ ပေးပါသည်။
တောင်သူလယ်သမားများ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိပါ။ ကိုယ်ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေပေါ် တွင် ကိုယ်ကိုယ်တိုင် လယ်ယာ သူရင်းငှား ဘ၀သို့ကျရောက်သွားစေရန် ပြဋ္ဌာန်းလာသည့် ဥပဒေ ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
နိုင်ငံတော် ကို အစိုးရက အမည်ကင်မွန်းတပ်ကာ နိုင်ငံတော်သည် ဆိုပြီး မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လုပ်ကိုင် အသုံးပြုခွင့် ချပေးသည့် အဓိပ္ပါယ်သက် ရောက်ပါသည်။ ဤသို့ဆိုပါလျှင် အစိုးရသည် နိုင်ငံတော် ၏ မြေရှင်ချုပ်ကြီးဘ၀ကို ခံယူလိုက်ရာ ကျရောက်သွားပါသည်။ နိုင်ငံ၏ မြေယာအာလုံးကို မင်း(ရှင်ဘုရင်) ကပိုင်သည့် ပဒေသရာဇ် မြေရှင်စနစ်၏ လယ်ယာမြေပိုင်ဆိုင်မှုနှင့် တထပ်တည်း တူညီနေပါသည်။
ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင်” လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည်-
လယ်ယာ မြေနှင့်စပ်လျဉ်း၍ ၀န်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။” ဟုသတ် မှတ် ထားပါသည်။ မြေခွန်နှင့် အခြားအခွန်အခများမှာ သီးစားခနှင့် တထပ်တည်း ဖြစ်ပါသည်။
ဦးသိန်းစိန်အစိုးရ မြေရှင်ချုပ်ကြီးသို့ တောင်သူလယ်သမားများက တိုက်ရိုက်ပေးဆောင်ရမည့်အဿပြာ သီးစားခဖြစ်ပါ သည်။
ကိုယ့်နိုင်ငံ ကိုယ့်မြေကို နယ်ချဲ့ကိုလိုနီအင်္ဂလိပ်အစိုးရက သိမ်းပိုက်ခဲ့စဉ်က ပေးဆောင်ခဲ့ရသော သီးစားခကို လွတ်လပ်ရေး ရလာပြီး ခေတ်တွင်ပင် ထပ်မံပေးဆောင်နေရအုံးမည် ဆိုလျှင် တိုင်းနိုင်ငံ၏ လွတ်လပ်ရေး အဓိပ္ပါယ် ပီပြင်ပါအုံးမည်လော။ သီးစားခ ပေးရသည့် စနစ်ကို လုံးဝ(လုံးဝ) ဖျက်သိမ်းသင့်ပါသည်။
ဤဥပဒေပုဒ်မ ၁၂(စ)တွင်”သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။”ဟုဖော်ပြချက်မှာ စစ်အစိုးရ အဆက်ဆက်က မြေယာကော်မတီများ အတိုင်းပင် ဖြစ်မြဲဖြစ်နေပါသည်။
တစုံတရာ ပြောင်းလဲမှုရှိသည့် လယ်ယာမြေ စီမံခန့်ခွဲမှုစနစ် မဟုတ်သည့်အပြင် ထိုထက်ပင် ပိုမိုဆိုးဝါးသည့် ဥပဒေ ပုဒ်မများ တိုးလာသည်ကိုသာ တွေ့ကြုံနေရပါသည်။ ပုဒ်မ ၁၂ (ဆ)တွင် ”လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြု ရ။ ဟုလည်း လုပ်ကိုင်သုံးစွဲခွင့်၏လွတ်လပ်မှု ကိုတားဆီး ပိတ်ပင်ထားသည်ကို တွေ့ရပါသည်။
ဤဥပဒေ ပုဒ်မ ၁၂(ဇ)တွင် ”လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ခွင့်ပြု ချက် မရရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်း မပြုရ။”ဟုပြဋ္ဌာန်းသတ်မှတ် လာပါသည်။ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အ ထည် ဖော်မည်ဆိုလျှင် စီးပွားရေးအရ ထုတ်လုပ်မည့် သီးနှံအမျိုးအစားကို ကန့်သတ်ပိုင်ခွင့် မရှိရပါ။ လွတ်လပ်စွာ စိုက်ပျိုး ထုတ်လုပ်ပိုင်ခွင့် လူ့အခွင့်အရေးကို တောင်သူလယ်သမားများ ရရှိနိုင်ရန် အထူးလိုအပ်ပါသည်။ သို့မှသာ ဆင်းရဲမွဲတေမှု ကို လျော့ချနိုင်ပါမည်။
တောင်သူလယ်သမားများ ဘ၀မြှင့်တင်ရေးလိုအပ်ချက်များကို လုံးဝမပိတ်ပင်သင့်ပါ။
တောင်သူလယ်သမားများ မိမိတိုကြိုက်နှစ် သက်ရာ သီးနှံကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့် နှင့် ထွက်ရှိလာသော သီးနှံ များကို သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ပိုင် ခွင့်ရှိရပါမည်။
စကားရပ်များ အဓိပ္ပါယ် သတ်မှတ်ချက်များ နှင့်ပတ်သက်၍ ဤဥပဒေ ပုဒ်မ- ၃(င) တွင် ” ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည်-
တောင်သူလယ်သမား ဆိုသည်မှာ အောက်ဖော်ပြပါ တရပ်ရပ်နှင့် ကိုက်ညီသူကို ဆိုသည်-ဟုနံပါတ်- ၁ မှ ၅ အထိ ဖော်ပြထားပါ သည်။
ထိုအထဲတွင် နှစ်ရှည် သီးနှံများ စိုက်ပျိုးရန် (သို့မဟုတ်) စီးပွားဖြစ်မွေးမြူရန် ကြီးကြပ်လုပ်ကိုင်သူ၊ အရင်းအနှီးမတည်သူ သို့မဟုတ် ကြီးကြပ်စီမံ လုပ်ကိုင်သူများကိုပါ တောင်သူလယ်သမား စာရင်းထဲထည့်ထားသည်ကို တွေ့ရပါသည်။
၎င်းတို့ကို ကြည့်လိုက်လျှင် စစ်အစိုးရ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆွေမျိုးနီးစပ်သူများ၊ လက်ဝေခံကုမ္ပဏီကြီးများ၊မြေရှင်အရင်း ရှင်များ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ ဖြစ်နေသည်ကို နေ့စဉ် သတင်းစာနယ်ဇင်း မီဒီယာများတွင် အထောက် အထားခိုင်မာ စွာ တွေ့မြင်နေရပါသည်။
တောင်သူလယ်သမားများ ကိုအကြောင်းပြု၍ အထူးအခွင့်ရေးရယူနိုင်ရန် လမ်းဖွင့်ပြဋ္ဌာန်းလာခြင်းဖြစ်ပါသည်။ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံတော် လက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ကို အထင်အရှား တွေ့မြင်ရပါသည်။
ဤဥပဒေ၏ လယ်ယာမြေကို စီမံခန့်ခွဲခြင်း ပုဒ်မ ၃၄ တွင်”မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့် ပေးထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းများနှင့် စပ်လျဉ်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေ အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေ တွင် အကျုံးဝင်စေရမည်။” ဟုကြိုတင် အကွက်ဆင် ပြဋ္ဌာန်းလာပါသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းထားသော မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ(၂၀၁၂ ခုနှစ် ၊ ပြည်ထောင်စု လွတ်တော် ဥပဒေအမှတ် – ၁၀ )နှင့် ပူးတွဲ လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများကို လယ်ယာမြေ အဖြစ်ပြောင်းလဲ နိုင်ရန် ဤဥပဒေတွင် အကျုံးဝင်စေရမည်ဟု တဆက်တည်း ပြဋ္ဌာန်းထာခြင်း ဖြစ် ပါသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ -၁၀ တွင် ”ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေး လုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ မြေ ဧရိယာနှင့် စပ်လျဉ်း၍-
(က) စိုက်ပျိုးရေး လုပ်ငန်းတွင်-
(၁) နှစ်ရှည်ပင်ဖြစ်ပါက စုစုပေါင်း ဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည်။
(၂) ဥယျာဉ်ခြံ သီးနှံ ဖြစ်ပါက ဧက ၃၀၀၀ (သုံးထောင်) ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၃) စက်မှုကုန်ကြမ်း ရာသီသီးနှံဖြစ်ပါက စုစုပေါင်းဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည်။ ဟုသတ်မှတ်ထားပါသည်။
ကြံ့ဖွံ့ ဦးသိန်းစိန် အစိုးရနှင့်အပေါင်းပါ လက်ဝေခံ ကုမ္ပဏီကြီးများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြေဧကငါးသောင်းအ ထိ မြေ ယာအမြောက်အများ ပိုင်ဆိုင်နိုင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း မျက်ခြေမပြတ် အာရုံစိုက် သတိထားကြရန် လိုပါ သည်။
ဤလယ်ယာမြေ ဥပဒေ၏ ပုဒ်မ-၃၅ တွင် ”ချမှတ်သော အမိန့်နှင့် ဆုံးဖြတ်ချက်ကို ဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ် မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ၆-လမှ အများဆုံး ၂ -နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ် ၃ -သိန်းမှ အများဆုံး ကျပ် ၅ -သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်။” ဟု၎င်း။ ပုဒ်မ ၃၇ တွင်”အများဆုံး ၃ -နှစ်အထိ ထောင်ဒဏ် အပြင် ကျပ် ၁၀-သိန်းအောက် မနည်းသော ငွေဒဏ်ကိုလည်း ချမှတ်ရမည်။” ဟု ၎င်း ပြစ်ဒဏ်သတ်မှတ် ထားပါသည်။
တောင်သူလယ်သမားများဖက်မှ ကာကွယ်စောင့်ရှောက်ပေးမည့်အစား အကျဉ်းထောင်ထဲထည့်ရန် အစိုးရကကျင့်သုံးမည့် လယ်ယာမြေအုပ်ချုပ်ရေးစနစ်ကို ရှုမကောင်းမြင်မကောင်း တွေ့မြင်နေရသည်မှာ နိုင်ငံ့ ဂုဏ်ကျက်သရေကို ရုပ်လျော့စေပါ သည်။
ဤဥပဒေ၏နောက်ဆုံးပုဒ်မ -၄၃ တွင်”အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(၁) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ။
(၂) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ။
(၃) ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ။ -တို့ဖြစ်သည်ဟု ဖော်ပြထားပါသည်။
ရုပ်သိမ်းခံရသည့် အထက်ပါ တည်ဆဲဥပဒေများတွင် နိုင်ငံတော်နှင့်အများပြည်သူ တောင်သူလယ်သမားများအတွက် အကျိုး ရှိစေနိုင်သည့် ပြဋ္ဌာန်းချက်များ ပါရှိခဲ့ပါသည်။ ယခုပြဋ္ဌာန်းလာသည့် လယ်ယာမြေဥပဒေ အသစ်တွင် အလားတူ ပြဋ္ဌာန်းချက် များ ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိသည်ကို နှိုင်းယှဉ်လေ့လာ တွေ့ရှိရပါသည်။ ယခုလယ်ယာမြေ ဥပဒေသစ်၏ ပျော့ကွက် ဟာကွက် ဆိုးကွက် များကြောင့် အငြင်းပွားမှု ပဋိပက္ခများကြီးထွားလာရုံမက နောက်ဆုံး တောင်သူလယ်သမား သပိတ်တိုက် ပွဲများနှင့် ကြုံတွေ့လာနိုင်ပါသည်။
ဤဥပဒေ ပုဒ်မ -၃၈ တွင်” တောင်သူလယ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်။” ဟု၎င်း၊ ပုဒ်မ -၃(ည) တွင်” ၎င်းအဖွဲ့အ စည်းဆိုသည်မှာ ကျေးလက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ထုတ်ပြန်ထားသော ဥပဒေ တစ် ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော တောင်သူလယ်သမား အဖွဲ့အစည်းကို ဆိုသည်။”ဟု၎င်း ပြဋ္ဌာန်းပါရှိသည်ကိုတွေ့ရပါသည်။ ထုတ်ပြန်ထားသော ဥပဒေ တစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော ဟုဖော်ပြထားရာ ထိုဥပဒေများသည် လွတ်လပ်စွာဖွဲ့စည်း တည်ထောင်ခွင့်ကို ပိတ်ပင်တားမြစ်ထားသော ဥပဒေများ ဖြစ်နေသည်ကို ခေတ်အဆက်ဆက်က တွေ့ကြုံသင်္ခဏ်းစာယူ ခဲ့ပြီးဖြစ်သည်။
တောင်သူလယ်သမားများအနေဖြင့် ”မိမိကိုယ်သာ ကိုးကွယ်ရာ”စိတ်ဓါတ်ဖြင့် လယ်သမားသမဂ္ဂများကို အကျယ်အပြန့်ကိုယ့် ဖာသာကိုယ် ဖွဲ့စည်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဗြောင် ဖွဲ့မရလျှင် လျှို့ဝှက်ဖွဲ့။ တချို့နေရာတွေမှာ ဗြောင် တစ်ပိုင်း လျှို့ဝှက် တစ်ပိုင်း ဖွဲ့စည်းနိုင်ရပါမည်။
ခေတ်အဆက်ဆက်က တောင်သူလယ်သမားတိုက်ပွဲတွေမှာလို တောင်သူလယ်သမားတွေဖက်က ပြတ်ပြတ်သားသား မား မားမတ်မတ် ရပ်တည်ပေးသည့် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိခဲ့လျှင် အကောင်းဆုံးဖြစ်ပါသည်။
တကယ့်စစ်မှန်သည့် ခေါင်းဆောင်မှုကို ရလာမှာ ဖြစ်ပါသည်။ ဤကဲ့သို့ ပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းမျိုးကို တောင်သူလယ်သမား များက လှိုက်လှိုက်လဲလဲကြိုဆိုပြီး အားကိုးမှီခိုလာမှာ မြေကြီးလက်ခတ်မလွဲ သေချာလှပါသည်။
ဦးမျိုး (ဥပဒေ)
(၁၂ – ၄ – ၂၀၁၂)





