ဧပြီလ(၁၃-၁၄) ရက်နေ့ ၂၀၁၂-ခုနှစ် သင်္ကြန် အကြိုနေ့နှင့် အကျနေ့တွင် ထိုင်းနိုင်ငံရောက် ရခိုင်ရွှေ့ ပြောင်း အလုပ်သမားများ စုပေါင်းပြီး ဘုရား ရေသပ္ပါယ်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပြုလုပ် ကြကြောင်း သတင်းရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အတွင်းရောက်ရှိနေကြသည့် ရခိုင်သူ/သားရွှေပြောင်း အလုပ်သမားများစုပေါင်းပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့်ပျော်ပွဲရွှင်ပွဲကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းရုံး (AASYC) တွင် ကျင်းပပြုလုပ်ပြီး ဘုရားရေသပ္ပါယ်ပွဲကို မဲဆောက်မြို့ မယ်ပ ရပ်ကွက်ရှိ ဝေဠုဝန် ကျောင်းတွင်ပြုလုပ်ခဲ့ကြကာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲသို့ မဲဆောက်ရောက် ရခိုင်သူ/သား ရွှေ့ပြောင်းအလုပ်သမား (၈၀) ကျော်ခန့်ပါဝင်ဆင်နွဲခဲ့ ကြသည်။

ရခိုင်ရိုးရာ သင်္ကြန် အတာရေသဘင်ပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသူ ရခိုင် လူငယ် တစ်ဦး၏ ပြောပြချက်အရ -

” ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုရင် ရခိုင်ရိုးရာ သင်္ကြန်ရေသဘင်ပွဲတော်က တော်တော်ပျော်ဖို့ကောင်းပါတယ်။ ဒီလို သင်္ကြန် အချိန် အခါဆိုရင်မဏ္ဍပ်ကြီးတွေထိုးပြီး လောင်း(လှေ) ထဲမှာ ရေအပြည့်ဖြည့်ကာ အပျိုကညှာလေးတွေကို ရေလောင်းဖို့ မဏ္ဍပ် သို့ သွားရောက်ကြပါတယ်။ အဲဒီထဲမှာ မဏ္ဍပ်ကို အုပ်ထိမ်းတဲ့ အမျိုးသမီးကြီးတွေ (မဏ္ဍပ်ရှင်မ) က အမျိုးသမီးလေးတွေနဲ့ အမျိုး သားလေးတွေကို တစ်ဦးနဲ့ တစ်ဦးရေပက်ကြတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းမဖြစ်အောင် ထိမ်းညှိပေးပါတယ်။

အမျိုးသားလေးတွေက မိမိတို့ မှာယူထားတဲ့ ရေပုန်းထဲမှရေဖြင့် အမျိုးသမီးလေးတွေကို ရေလောင်းကြပါတယ်။ ရေပုံးထဲမှ ရေ ကုန်သွားသည့်အခါ  မေတ္တာရေဆိုတဲ့ ချစ်ခွင့်ပန်ခွင့်တောင်းတဲ့ နောက်ဆုံးလောင်းရတဲ့ ရေခွက်လေးတွေကိုကိုင်ပြီး မိမိတို့ရဲ့ ရင်တွင်းဖြစ် စကားတွေကို တပုံ တသီကြီး ရင်ဖွင့်ကြကာ ချစ်ရေးဆိုကြရပါတယ်။ အဲဒီအထဲမှာ တစ်ဦးနှင့် တစ်ဦး ချစ်ကြိုက် သွားကြသလို တစ်ဦးအပေါ် တစ်ဦး သဘောမတွေ့ကြသည့်အခါတွင် လိမ္မာပါးနပ်သည့်အသွင်ဖြင့် နောင်နှစ်တွင် ပြန်လည် ဆုံတွေ့နိုင်အောင် ကြိုးစားပြီး ချစ်ခွင့်လေးတွေပန်ပါဆိုကာ ယဉ်ယဉ်ကျေးကျေး ပြန်လည်ပြောဆိုကြတာတွေကိုလည်း တွေ့ရပါ တယ်။ တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်သွားကြပြီဆိုရင်တော့ သင်္ကြန်လွန်သည့်အခါတွင် မိသား ဘသား ပီပီ တောင်းရင်း လက်ထပ် ထိမ်းမြင့်ခြင်းများပြုလုပ်ကြသလို။

တချို့ က လူငယ်တို့သဘာဝ ခိုးရွာလိုက်ပြေးကြ တာတွေလည်း ရှိပါတယ်။

သင်္ကြန်နှင့်နီးလာလည် ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်တွေကို ခုန်လာစေတာတော့ အမှန်ပါ။ ကျွန်တော် အမှတ်ရနေတဲ့ သင်္ကြန် စကားလေး တစ်ခွန်းကတော့ “ မဏ္ဍပ်ထဲက မရီးချေ ချစ်ဖို့ကြိုက်ဖို့ကောင်းရေဝေ” ဆိုတဲ့ စကားပဲဖြစ်ပါတယ် ” လို့ Arakan Review သို့ပြောကြားသွားပါသည်။