မိုးမိုးကျော် (Arakan Review)

သြဂတ်(စ်) – (၆)၊ ၂၀၁၀။

ဖမ်းဆီးခြင်းခံရပြီးနောက် ရခိုင်သမိုင်း သုတေသီဟု ကျော်ကြားလာသည့်  ဆရာတော် ပညာစာရ

ဆရာတော် ပညာစာရအား ပြီးခဲ့သော ဇူလိုင်လ (၂၇) ရက်နေ့က ဒေသခံ အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းဆရာတော်၏ ကျောင်းအား ချိတ်ပိတ်လိုက်ပြီး ကျောင်းတွင် ပညာသင်ကြား နေထိုင်ကြ သော မိဘမဲ့ကလေးများအား နိုင်ငံတော်ပိုင် ကလေးများအဖြစ် သိမ်းယူခဲ့ကာ မန္တလေးတိုင်းနှင့် မကွေးတိုင်းများသို့ ပို့ဆောင်လိုက်ခြင်း အပေါ်  ဒေသခံများနှင့် ရခိုင်ပြည်ရှိ ဒေသအသီးသီးမှ ဒေသခံ ပြည်သူ လူထုများမှ ထင်ကြေး အမျိုးမျိုးပေးနေကြပြီး မျိုးဆက်သစ် ရခိုင်လူမျိုး မိဘမဲ့ ကလေးများအား ဆုံးရှုံးလိုက်ရခြင်း အပေါ် ဒေသခံများက ပိုမို မကျေမနပ် ဖြစ်နေကြကြောင်း Arakan Review မှ စုံစမ်း သိရှိရသည်။

“ဆရာတော် ပညာစာရဟာ ရခိုင်သမိုင်းသုတေသီတစ်ဦး ဖြစ်တယ်ဆိုတာ သူ ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှ ပြည်သူတွေ သိလာကြတာပါ။ အဲဒီ ဆရာတော်ကို သာမာန် လူမှုရေး စိတ်အားထက်သန်တဲ့ ဆရာတော် အဖြစ် သိကြသလို၊ မိဘမဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ မျိုးချစ် ရခိုင် ဆရာတော် တစ်ပါးအဖြစ်လဲ လေးစားနေခဲ့ကြတာပါ။ ဆရာတော်ဟာ ရခိုင် ရှေးဟောင်း သမိုင်းယဉ်ကျေးမှု စာပေတွေနဲ့ မှတ်တမ်း မှတ်ရာတွေကို ပြုစုထိန်းသိမ်းထားတယ်ဆိုတာ လူတချို့နဲ့ အာဏာပိုင်တွေလောက်ပဲ သိခဲ့တာပါ။ ဒါပေမယ့် အာဏာပိုင်တွေက ဒီဆရာတော်ကျောင်းမှာ ပြုစု ပညာသင်ကြားပေးနေတဲ့ မိဘမဲ့ကလေးတွေကို လိုချင်နေတာ ကြာပါပြီ ခုတော့ သူတို့ လိုချင်တာ ရသွားခဲ့ပါပြီ” ဟု စစ်တွေမြို့ရှိ ဒေသခံ လူကြီးတစ်ဦးက ပြောသည်။

ဆရာတော်အား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဆရာတော် ကျောင်းတွင် ပညာသင်ကြား နေထိုင်ကြသော မိဘမဲ့ကလေး (၁၀၀) ကျော်အား နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းကာ အဆိုပါ ကျောင်းမှ အာဏာပိုင်များမှ ခေါ်ယူထိန်းသိမ်းထားပြီး အထက်ဗမာပြည်သို့ ပို့ဆောင်ရန် သတင်းထွက်ပေါ်လာပြီးနောက် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများနှင့်တကွက် သာရေး၊ နာရေး အသင်းများ အားလုံး စုစည်းကာ ယင်းမိဘမဲ့ ကလေးများအား ဆက်လက် ပညာသင်ကြားနိုင်ရေး၊ နေရေးထိုင်ရေးတို့အား မိမိတို့ ဒေသခံများမှ တာဝန်ယူနိုင်ရန် တိုင်ပင် ဆွေးနွေးခဲ့ကြသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက မည်သူ့စကားကိုမျှ ဂရုမစိုက် လက်မခံဘဲ အထက်ဗမာပြည်သို့ သြဂတ်(စ်)လ (၅) ရက်နေ့ ယမန်နေ့က ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ မိဘမဲ့ကလေးငယ်များအား ပြုစု ပညာသင်ကြားပေးနေသော ဆရာတော် ပညာစာရအား မိန်းမမှု၊ အလောင်းဖျောက်မှု၊ ငွေကြေးဆိုင်ရာ အလွဲသုံးစားလုပ်မှုတို့ဖြင့် တိုင်ကြားခဲ့သူဖြစ်သည့် မာလ်တေဇာ အမ်ဂျီအိုအဖွဲ့မှ အောင်ဝင်းကျော်နှင့် ထွန်းသိန်းတို့၏ တိုင်ကြားစာတွင်မူ“ ဆရာတော်သည် နိုင်ငံတကာနှင့် ဒေသခံရခိုင်လူမျိုးတို့မှ ကလေးငယ်များ၏ ပညာ သင်ကြားရေးနှင့် နေရေးထိုင်ရေးအတွက် ထောက်ပံ့ခဲ့သော ငွေကြေးများကို သူ၏ ကိုယ်ကျိုးအတွက် သုံးခဲ့ကြောင်း၊ အစားသောက် ချို့တဲ့မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကလေးငယ်များအား သက်ဆိုင်ရာ တာဝန်ရှိများကို အသိ မပေးဘဲ ယင်းကျောင်းအတွင်း၌ပင် မြုပ်နှံခဲ့ကြောင်း၊ ဆရာတော်သည် သူ၏ ကျောင်းတွင် နေထိုင်ကြီးပြင်းလာသော မိဘမဲ့ကလေးများထဲမှ အရွယ်ရောက်လာသော မိန်းမပျိုလေးများနှင့် ဖောက်ပြန်မှု ပြုလုပ်ခဲ့ကြောင်း၊ ဆရာတော်သည် လိင်ဆိုင်ရာ ညစ်ညမ်း ဇတ်လမ်းများကို ကြည့်ရှုလေ့ရှိကြောင်း” ဖော်ပြပါရှိသည်။

အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံရပြီးနောက် ရခိုင်သမိုင်း သုတေသီဟု ထင်ရှားကျော်ကြားလာသော ဆရာတော် ရမ္မာဝတီ ပညာစာရအား မိန်းမမှု၊ ငွေကြေးဆိုင်ရာ လိမ်လည် အလွဲသုံးစားမှု၊ အလောင်းဖျောက်ဖျက်မှု၊ နိုင်ငံရေးဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်သေ အထောက်အထားများနှင့် တကွ သြဂတ်(စ်)လ (၄) ရက်နေ့က ဒေသခံ ပြည်သူများအား ရခိုင်ပြည်နယ် မြို့တော်ခန်းမတွင် ဒေသဆိုင်ရာ အာဏာပိုင်များက  ရှင်းလင်း အသိပေးခဲ့ကြောင်း သိရှိရသည်။

“ဆရာတော် အနေနဲ့ ခုလိုမျိုး ဖောက်ပြန်မှုတွေ ပြုလုပ်နေတယ်ဆိုတာ ကြားသိနေခဲ့ရတာ ကြာပါပြီ၊ ဒါပေမယ့် ဒါတွေဟာ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့သလို၊ ခုလည်း မယုံနိုင်သေးပါဘူး၊ ဆရာတော်က ရခိုင် သမိုင်း တွေကို သုတေသနလုပ်တယ်၊ အနာဂတ် မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင့် မျိုးဆက်သစ် ကလေးငယ်တွေကို ပညာတတ်ကြီးတွေဖြစ်အောင် ပြုစုပေးနေတယ်၊ ဆရာတော်ရဲ့ အရှိန်အ၀ါတွေ ဒေသခံတွေအပေါ် သြဇာ လွှမ်းမိုးလာတာတွေကြောင့် အစိုးရက အခုလိုမျိုး ပုဒ်မတွေနဲ့ ဖမ်းဆီးပြီး ဆရာတော်ရဲ့ ကျော်ကြားမှုကို သက်သက်မဲ့ အညွှန့်ချိုးခဲ့တာပါ” ဟု အမည်မဖော်လိုသည့် ဆရာတော်၏ ဒကာတစ်ဦး ဖြစ်သူက ပြောသည်။

ယခုကဲ့သို့ ဆရာတော်အား သက်သေအထောက်အထားနှင့် တကွ တိုင်ကြားခဲ့ပြီး အရေးယူပေးပါရန် တောင်းဆိုခဲ့သူတို့ ဖြစ်သည့် အောင်ဝင်းကျော်နှင့် ထွန်းသိန်းတို့သည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်း၏ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ပြီး ဆရာတော်၏ ဖောက်ပြန်မှုများအား တိုင်ကြားခဲ့ခြင်းသည် ဆရာတော်အား အရေးယူပေးရန် သက်သက်သာ ဖြစ်ကြောင်းနှင့် မိဘမဲ့ ကလေးငယ်များအား နိုင်ငံတော်အပိုင်အဖြစ် သိမ်းဆည်းရန်အထိ မရည်ရွယ်ကြောင်း သူတို့နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ ပြောသည်။

“ဆရာတော်ကို တိုင်ကြားတယ်ဆိုတာကာ ဆရာတော်ရဲ့ ဖောက်ပြန်မှုတွေကို ကျနော်တို့အနေနဲ့ သည်းမခံနိုင်တော့လို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကလည်းပဲ ဆရာတော်ကို အရေးယူပြီး အဲဒီကျောင်းနှင့် ကလေးတွေကို ကျနော်တို့ကပဲ ဆက်လက်တာဝန်ယူသွားမယ်ဆိုတဲ့ စိတ်နဲ့ တိုင်ကြားခဲ့တာလို့ သူတို့က ပြောတယ်။ ခုလိုမျိုး ကလေးတွေကို နိုင်ငံတော်ပိုင် အဖြစ်သိမ်းဆည်းသွားတော့ ကျနော်တို့ ကိုယ်တိုင် စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ပြောကြားခဲ့သည်။

ယခုအခါ ဆရာတော် ပညာစာရအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ယူကာ စစ်ဆေးမေးမြန်းနေပြီး မကြာမီတွင် ဆရာတော် ပြစ်မှုထင်ရှားကြောင်းနှင့် တရားရုံးထုတ်စဉ်တွင် ပြည်သူ့ရှေ့မှောက်တွင်ပင် စစ်ဆေး မေးမြန်းသွားမည် ဖြစ်ကြောင်း စစ်တွေရဲအရာရှိ တစ်ဦးက ပြောသည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များက ဆရာတော်အား ဖမ်းဆီးရခြင်းသည် ပြစ်မှုထင်ရှားသော ကြောင့် ဆိုသည့်သဘောမျိုးဖြင့် မြို့တော်ခန်းမတွင် ပရိုဂျက်တာဖြင့် ဆရာတော်အခန်းတွင်းမှ သိမ်းဆည်းရရှိမိသော ညစ်ညမ်း ဗွီစီဒီအခွေများ၊ ကွန်ဒုံးများနှင့် အလောင်းဖော်ထားသည့် ဓာတ်ပုံများအား ပြည်သူများသို့ အသိပေး ပြသခဲ့ပြီးနောက် ဒေသခံများက “ဆရာတော် မှားတယ်ဆိုရင် ဆရာတော်ကို အရေးယူပါ၊ ခုလို ဆရာတော် ကျူးလွန်တဲ့ ပြစ်မှုနဲ့ ဘာမှ မသက်ဆိုင်တဲ့ ကလေးတွေနဲ့ သမိုင်းမှတ်တမ်းတွေကို သူတို့ သိမ်းယူစရာမလိုပါဘူး၊ ကျောင်းကို လည်းပဲ ပိတ်စရာမလိုပါဘူး၊ အစကတည်းက ဒီအကွက်ကို ချောင်းနေတာ ခု ရေကန်အသင့်ကြာအသင့် ဖြစ်သွားတယ် ထင်တယ်” ဟု ပြောဆိုကြသည်။

စစ်တွေမြို့တွင် ဆရာတော် ပညာစာရအား ဖမ်းဆီးရန် တိုင်ကြားခဲ့သူတို့အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ခေါ်ဝေါ်နေကြခြင်း အပေါ် စစ်တွေတက္ကသိုလ်မှ ဆရာတစ်ဦးက“ သူတို့လည်း စစ်တွေမြို့မှာ နာမည်ကျော်ကြားတဲ့ သူတွေဖြစ်တယ်၊ တမျိုးသားလုံးကို လိမ်ပြီးတော့ ခုလိုမျိုး လုပ်ရပ်ကို လုပ်မှာ မဟုတ်ဘူး၊ သူတို့မှန်ချင် လည်း မှန်နိုင်တယ်၊ ဆရာကတော့ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာ ခုအချိန်မှာ ထုတ်ဖော် မပြောချင်သေးပါဘူး၊ အချိန်က သက်သေပြသွားပါလိမ့်မယ်၊ ဒါပေမယ့် အမှားအမှန် မသဲကွဲတဲ့ အချိန်မှာ ဘယ်သူကိုမှ ပုတ်ခတ်ပြီးတော့ မပြောချင် သေးဘူး” ဟု သူ၏ ထင်မြင်ချက်အား ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဆရာတော်အား ဖမ်းဆီးပြီးနောက် ရခိုင်လူမျိုး မိဘမဲ့ ကလေးငယ်များအား စစ်တွေမြို့ ဒေသခံပြည်သူလူထုများမှ ဆက်လက် ပြုစု ပညာသင်ပေးသွားမည်ဟု အာဏာပိုင်များအား အသိပေးထားလျက် တိုင်ပင်ခြင်းမရှိဘဲ မျိုးဆက်သစ် ရခိုင်လူမျိုးများအား ဗမာပြည်သို့ ပို့ဆောင်လိုက်ခြင်းအပေါ် ရခိုင်ပြည်ရှိ ဒေသအသီးသီးမှ ပြည်သူလူထုများမှ ပြန်လည် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဆရာတော် ပညာစာရအား ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဒေသခံများက အမြင်အမျိုးမျိုးရှိနေဆဲဖြစ်ပြီး ဆရာတော်သည် မတရားစွပ်စွဲခံရခြင်း၊ ပြစ်မှုထင်ရှားသောကြောင့် ဖမ်းဆီးခြင်း တို့သည် မသေချာ မသဲကွဲသေးသော်လည်း ဆရာတော်အား ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကျောင်းကို ချိတ်ပိတ်လိုက်ခြင်းနှင့် မိဘမဲ့ကလေးများအား နိုင်ငံတော်ပိုင်အဖြစ် ဒေသခံ ပြည်သူများ၏ ခွင့်ပြုချက်မရပဲ အထက်ဗမာပြည်သို့ ပို့ဆောင်လိုက်ခြင်းသည် ရခိုင်လူမျိုးတစ်ရပ်လုံးအား လူမျိုးရေးအရ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ကြောင်း ရခိုင့်နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

(ခိုင်သီဟ၊ မျိုးအောင် – စစ်တွေ မှ စုစည်းပေးပို့သည်)